လိပ်သို ဩဂုတ် ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီကျောင်းတွင်း အားကစားလှုပ်ရှားမှု ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ အမျိုးသားဘောလုံးပြိုင်ပွဲကို လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီမှဦးစီးပြီး အထက်တန်းကာယဆရာ ဦးအောင်သူရစိုး၏ အနီးကပ်စီစဉ်ကြီးကြပ်မှုဖြင့် အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလစသည့် အသင်း (၅) သင်းတို့တွင် Grade- 6 မှ Grade-8 အထိ ကျောင်းသားများကို အငယ်တန်းပြိုင်ပွဲ၊ Grade-9 မှ Grade-12 အထိ ကျောင်းသားများကို အကြီးတန်းပြိုင်ပွဲဟူ၍ သတ်မှတ်ကာ ယှဉ်ပြိုင်ကစားလျက်ရှိသည်။
ပြိုင်ပွဲကို နံနက်ပိုင်းတွင် (၂) ပွဲ၊ မွန်းလွဲပိုင်းတွင် (၂) ပွဲ ဖြင့် သတ်မှတ်ယှဉ်ပြိုင်ကစားစေလျက်ရှိပြီး ဗိုလ်လုပွဲနှင့် တတိယလုပွဲများကို ဩဂုတ်လ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)