သံတောင်ကြီး ဩဂုတ် ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများကြောင့် သံတောင်ကြီးမြို့ပေါ်ရပ်ကွက်များတွင် မြေပြိုဘေးသင့် နေအိမ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က အမှာစကား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်လတ်က ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြေပြိုဘေးသင့်သည့် အိမ်ထောင်စု(၃)စု လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာ (၇)ရက် စာဖိုး ငွေကျပ်(၃၉၉၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်(၁၄၀၀၀၀) စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၇၉၉၀၀)နှင့် အိမ်လုံးဝပျက်ဆီးသွားသည့် အိမ်ထောင်စုတစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး တန်ဖိုးငွေကျပ် (၁၀၄၆၉၀)အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်လတ်တို့က မြေပြိုဘေးသင့် အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ