ပခုက္ကူ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ အခြေအနေများကို ယနေ့နံနက် (၈) နာရီအချိန်က တာဝန်ရှိသူများ ရှောင်တခင်ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်းပြီး ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်များ၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ တရားဝင် အသိပေးထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း (၄၈) မျိုးအား ရောင်းချမှု ရှိ/မရှိ၊ သက်တမ်းလွန် အလှကုန်ပစ္စည်းများ၊ စံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီမှုမရှိသည့် အလှကုန်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများရောင်းချမှု ရှိ၊ မရှိ အခြေအနေများကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးကြသည်။
ထို့နောက် တာဝန်ရှိသူများက အလှကုန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်နှင့်တွေ့ဆုံကာ တားမြစ်ဓာတုပစ္စည်းများဖြစ်သည့် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့စုပ်ယူ၍ ထုံကျဉ်ခြင်း၊ ကြွက်သားတုန်ခခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများဖြစ်ပွားစေသည့် အလှကုန်ပစ္စည်း (၄၈) မျိုးအား အာဆီယံဒေသတွင်း၌ တွေ့ရှိရပြီး တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိပေးထုတ်ပြန် ကြေညာထားပြီးဖြစ်ရာ တင်သွင်းရောင်းချခြင်းများ ပြုလုပ်ပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနက သုံးစွဲရန်သင့်ကြောင်း တရားဝင်ခွင့်ပြုထားသည့် အလှကုန်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချရေးတို့ကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)