ပွင့်ဖြူမြို့နယ် မြို့မစည်ပင်သာယာဈေး၌ ဈေးရောင်းဈေးဝယ် ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး

ပွင့်ဖြူ ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ် ပြည်သူများ သိရှိစေရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ယနေ့နံနက် (၇) နာရီခွဲက ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊  ဈေးကော်မတီဝင်များနှင့်ပူးပေါင်းပြီး ပွင့်ဖြူမြို့မစည်ပင်သာယာဈေး အတွင်း/အပြင်ရှိ  ဈေးရောင်းဈေးဝယ် ပြည်သူများကို တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ် အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် သန့်ရှင်းလတ်ဆတ်သော အသား/ငါး၊ အသီးအရွက်နှင့် စားကုန်ပစ္စည်းများကို စနစ်တကျ ရောင်းချကြရန်နှင့် ဈေးဆိုင်ခန်းများဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထား ဆောင်ရွက်ရန်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဈေးရောင်းဈေးဝယ် ပြည်သူများကို သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ  အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်း၊  ပလတ်စတစ်ပစ္စည်းသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် ပလတ်စတစ်ပစ္စည်း အစားထိုးအသုံးပြုနိုင်ရန် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူ တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)