ပွင့်ဖြူမြို့နယ်၌ ရေဝင်ရောက်၍ ယာယီပိတ်ထားရသည့် စာသင်ကျောင်း (၂) ကျောင်း ပြန်လည်ဖွင့်လှစ်

ပွင့်ဖြူ ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေဝင်ရောက်၍  ယာယီပိတ်ထားရသည့်  စာသင်ကျောင်း (၂) ကျောင်းမှာ ရေပြန်လည်ကျဆင်းသွားသဖြင့် ယနေ့နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ကာ ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ရေကျဆင်းသွားသဖြင့် ပြန်လည်ဖွင့်လှစ်သည့် စာသင်ကျောင်း (၂) ကျောင်းမှာ ပွင့်ဖြူမြို့နယ် သဖန်းတန်းကျေးရွာ(အ.မ.က)ကျောင်းနှင့် သံကိုင်းကျေးရွာ(အ.မ.က) ကျောင်းတို့ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်းစာ နောက်မကျစေရေးအတွက် တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်များတွင် အစားထိုးဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းခိုင်ထံက သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )