ကံမမြို့နယ် သက္ကယ်မြောင်ကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများ ထုတ်ပေး

ကံမ ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ မိုးရာသီ စိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-ခုနှစ်  မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီက သက္ကယ်မြောင်ကျေးရွာအုပ်စုမှ တောင်သူ (၁၂၂)ဦးတို့၏ မိုးစပါးစိုက်ဧက (၄၀၈)ဧကအတွက်  မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ငွေကျပ်သိန်းပေါင်း (၂၇၀၀၀)ထုတ်ချေးပေးရန် လျာထားပြီး မိုးစပါးစိုက်ပျိုးမြေတစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းကျပ်နှုန်း မြေပဲ၊ နှမ်း အစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ယနေ့အထိ ကျေးရွာအုပ်စု (၃၂)အုပ်စုမှ တောင်သူ (၃၄၄၉)ဦး၏ မိုးစပါးစိုက်ဧက (၉၁၅၂)ဧက၊ နှမ်းစိုက်ဧက (၁၁၁၇)ဧကနှင့် ပဲတီစိမ်းစိုက်ဧက (၃၇၇)ဧကတို့အတွက် စုစုပေါင်း ငွေကျပ် (၁၅၂၂၂)သိန်းအား ထုတ်ချေးပေးပြီးဖြစ်ပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ဆက်လက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)