တောင်တွင်းကြီး ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ ပြည်သူဆေးရုံကြီးတွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်ပြည်သူဆေးရုံကြီးမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဇော်အောင်က အနာဂတ်သားကောင်းရတနာများဖြစ်ပေါ်လာမည့် ကလေးငယ်များ အာဟာရဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေရေး၊ ကျန်းမာရေးနှင့်ပတ်သတ်သည့် ဆောင်ရန်/ ရှောင်ရန် အချက်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အာဟာရဖွံဖြိုးရေး၊ ကျန်းမာရေးအကြောင်း အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးလှသောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဇော်အောင်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက တက်ရောက်လာသည့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားရှိစေမည့် အစားအစာများ၊ အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)