ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာ၌ ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

ပွင့်ဖြူ ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘုရားကုန်းကျေးရွာ၌ ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများကို တွေ့ဆုံ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး လိုက်နာရမည့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းကမ်းချက်များနှင့် စီမံကိန်းအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက စီမံကိန်းစက်ဝန်း ကာလသတ်မှတ်ချက်များ၊ အတိုးနှုန်းသတ်မှတ်ချက်များနှင့် ငွေစာရင်းပြုစုထိန်းသိမ်းရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် သန်း ၃၀ ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဘုရားကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၄ ဦးကို ငွေကျပ် ၁၅ ဒသမ ၈ သန်း ၊ မွေးမြူးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၆ ဦးကို ငွေကျပ်  ၁၃ ဒသမ ၄  သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၂ ဦးကို ငွေကျပ် သုည ဒသမ ၈ သန်း၊  စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၀၂ ဦးကို ငွေကျပ်သန်း ၃၀ အား စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)