သဲကုန်း သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ရာသီအလိုက် သစ်သီးဝလံသီးနှံမျိုးစုံစိုက်ပျိုးကြရာ ရွှေဖရုံသီးပင်များ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိသဖြင့် ရွှေဖရုံစိုက်တောင်သူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရွှေဖရုံသီးကို မိုးရာသီတွင် မေလနှင့်ဇွန်လ၌စိုက်ပျိုးပြီး ဆောင်းရာသီတွင် အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် စိုက်ပျိုးကြရာ ပူနွေးသောရာသီဥတုနှင့် အေးသောရာသီများတွင် စိုက်ပျိုးနိုင်ပြီး နုန်းမြေ၊ နုန်းစနယ်မြေများတွင် ကြိုက်နှစ်သက်၍ တိုက်ရိုက်အစေ့ချနည်း စိုက်ပျိုးခြင်းထက် စနစ်တကျပျိုးထောင်၍ စင်တင်စိုက်ပျိုးပါက ပိုမိုအောင်မြင်ဖြစ်ထွန်းနိုင်သည်။ မြေပြုပြင်ချိန်တွင် သဘာဝမြေသြဇာ ကြက်ချေး၊ နွားချေး၊ ဓာတ်မြေသြဇာများကို အချိုးကျပေါင်းစပ်၍ ထည့်သွင်းစိုက်ပျိုးကြသည်။
မျိုးစေ့ကို အညှောင့်ဖောက်၍ ပျိုးထောင်ရပြီး ပျိုးသက် (၂၀) ရက်သားတွင် စိုက်ခင်းသို့ ရွှေ့စိုက်ပျိုးရပြီး အပင်ငယ်စဉ်တွင် ပိုးမွှားရောဂါကာကွယ်ရန် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ကာကွယ်ပက်ဖျန်းခြင်းများ ဆောင်ရွက်ပေးရပြီး (၂)လကြာလျှင် သီးကင်းများထွက်ပေါ်၍ (၃)လကြာလျှင် စျေးကွက်ဝင် ရွှေဖရုံသီးများကိုတစ်ပိဿာလျှင် (၆၀၀) ကျပ်နှုန်းဖြင့် ခူးဆွတ်ရောင်းချနိုင်ပြီး ယခုနှစ်တွင် ရွှေဖရုံသီးများ အထွက်ကောင်း၍ စျေးကောင်းရရှိသောကြောင့် အဆင်ပြေမှုရရှိကာ မိသားစုစားဝတ်နေရေးအပြင် အပိုဝင်ငွေများစွာရရှိကြောင်း ရွှေဖရုံစိုက်ပျိုးရောင်းချသော တောင်သူတစ်ဦးထံမှ သိရသည်။
ရွှေဖရုံသီးပင်သည် အာဟာရတန်ဖိုးမြင့်မားသော ဗီတာမင်အေဓာတ်များစွာပါဝင်ပြီး အညွန့်နှင့်အသီးကို တို့စရာ၊ ဟင်းချို၊ အသားမျိုးစုံတို့နှင့်ရောချက်စားနိုင်ပြီး အစေ့ကိုလှော်၍ ဖရုံစေ့လှော်အဖြစ်လည်ကောင်း၊ ဖရုံသီးအမှည့်ကိုမုန့်အဖြစ်လည်းကောင်း ပြုလုပ်စားသုံးနိုင်ကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)