ဘားအံ ဩဂုတ် ၁၁
ကရင်ပြည်နယ်အတွင်း ဇူလိုင်လ တတိယပတ်ခန့်မှစ၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေများ စံချိန်တင်မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ သဘာဝဘေးဒဏ်များကြောင့် စိုက်ပျိုးပြီး မိုးစပါးသီးနှံများထိခိုက်ပျက်စီးသွားသည့် တောင်သူများအား မျိုးစပါးနှင့်ဓာတ်မြေဩဇာများ ထောက် ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီကဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခံရသည့် လယ်မြေများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြစ်သည့် အချိန်မီအစားထိုး စိုက်ပျိုးနိုင်ရေး၊ ထိခိုက်သွားသည့် စပါးခင်းများ အထွက်နှုန်းလျော့နည်းမှုမရှိစေရေးအတွက် ပြန်လည်ကုစားရမည့်နည်းစနစ်များကို လိုက်နာဆောင်ရွက်ပြီး စိုက်ခင်းများရေပြန်ကျချိန်တွင် ကျရောက်တတ်သည့် ပိုးမွှားရောဂါများကို ကာကွယ်နှိမ်နှင်းနိုင်ရန် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးနှင့် အခွင့်အရေးကာကွယ်ရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ပေးသကဲ့သို့ ဒေသခံတောင်သူများအနေဖြင့်လည်း သီနှံအထွက်တိုးရေး၊ စားရေရိက္ခာဖူလုံပိုလျှံရေးနှင့်လယ်ယာကဏ္ဍတိုးတက် မြင့်မားရေးအတွက် အားသွန်ခွန်စိုက်ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဘားအံ၊ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ရှမ်းရွာသစ် မြို့များရှိ ကျေးရွာအုပ်စု ၁၈ အုပ်စုမှ မိုးစပါးသီးနှံထိခိုက် ပျက်စီးသွားသောတောင်သူများအား မျိုးစပါး ၂၀၀ တင်း၊ (၅၀) ကီလိုဂရမ် ယူရီးယားဓာတ်မြေဩဇာ ၁၀၀ အိတ်၊ ပိုတက်ရှ်ဓာတ်မြေဩဇာ ၁၀၀ အိတ်နှင့် ဆေးဖျန်းပုံး ၂၀ လုံးတို့ကို ထောက်ပံ့ပေးအပ်ကြရာ မိုးစပါးသီးနှံထိခိုက်ပျက်စီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ဘားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ်တို့တွင် ဩဂုတ်လ ၈ ရက်နေ့ထိ စိုက်ပျိုးပြီးမိုးစပါး ၈၇၈၈ ဧက ထိခိုက်ခဲ့ပြီး ၁၄၉၇ ဧကပျက်စီးခဲ့ကာ မျိုးစပါး ၁၄၉၇ တင်း၊ ယူရီးယားဓာတ် မြေဩဇာ ၄၅၀ အိတ်၊ ပိုတက်ရှ်ဓာတ်မြေဩဇာ ၄၀၀ အိတ်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)