ပေါင်းတည် သြဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးထားသောမိုးစပါးများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေး ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ ပူးပေါင်းကြိုးပမ်းလျက်ရှိရာ မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ယခုနှစ် မြို့နယ်အတွင်းစိုက်ပျိုးမြေများ၌ မိုးစပါးစိုက်ပျိုးမှု လျာထားချက်ပြည့်မီစေရန် စုစုပေါင်း မိုးစပါး ၇၃၅၁၄ ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးပင်များ ဆက်လက်ရှင်သန် ဖွံ့ဖြိုးရေးနှင့် စပါးအထွက်နှုန်းကောင်းမွန်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းလျက်ရှိသည်။
၎င်းအပြင် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့ဥက္က၏ လမ်းညွှန်မှုဖြင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးအောင်မျိုးမင်း ဦးဆောင်သော စိုက်ပျိုးရေးကြီးကြပ်မှု၀န်ထမ်းများသည် တောင်သူများအား ဓာတ်မြေသြဇာစနစ်တကျသုံးစွဲနည်းများ၊ မြေဆီသြဇာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများကို အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ကွင်းဆင်း ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောာင်း၊ သဘာဝမြေသြဇာကို အချိုးကျထည့်သွင်းအသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်သက်သာကာ စပါးအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်စေကြောင်း၊ ဒေသအတွင်း စိုက်ပျိုးခင်းများ၌ကျရောက်တတ်သည့် ရွှေခရုများကို ရှင်းလင်းသုတ်သင်နည်းလမ်းများ၊ ရိတ်သိမ်းရာ၌ အလေအလွင့်မရှိစေရေးတို့ကို အသိပညာပေး ဆွေးနွေးဟောပြောမှုများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)