ဘားအံ ဩဂုတ် ၁၁
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားနေသောအကြမ်းဖက် MNDAA သောင်းကျန်းသူများနှင့် အပေါင်းအပါအဖွဲ့အစည်းများအား ဆန့်ကျင်ရှုတ်ချဆန္ဒထုတ်ဖော်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ နာရီစင်၌ စုရုံး၍ ဒေသခံပြည်သူ ၆၅၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထိုသို့ဆန္ဒထုတ်ဖော်ပွဲတွင် မျိုးချစ်ပြည်သူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံတော်အခြေပြုမိန့်ခွန်းအား ထောက်ခံခဲ့ပြီး အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချ ဟောပြောခဲ့ကြသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် တက်ရောက်လာသူများက “ကျွန်တော်တို့အနေနှင့် လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်း ဖြင့်မဖြေရှင်းဘဲ အကြမ်းဖက်တိုက်ခိုက်မှုနှင့်ဖြေရှင်းနေမှုတွေကို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ လုံးဝလက်ခံလို့မရတာကြောင့် ဘုံရန်သူအဖြစ်သတ်မှတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသကိုသာမဟုတ်ဘဲ နိုင်ငံတစ်ဝန်လုံး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိတဲ့အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်”၊ “အကြမ်းဖက် MNDAA ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများကို တိုင်းရင်းသားပြည်သူများမှ ကန့်ကွက်ရှုတ်ချပါသည်”၊ “အကြမ်းဖက် MNDAA သောင်းကျန်းသူများနှင့် ပူးပေါင်းအဖွဲ့အစည်းများအား တိုင်းရင်းသားအဖွဲ့အစည်းများမှ အလိုမရှိ”၊ “နိုင်ငံတော်အချုပ်အခြာအာဏာတည်တံခိုင်မြဲရေး ဒို့အရေး၊ အကြမ်းဖက် MNDAA သောင်းကျန်းသူများနှင့် ပူးပေါင်းအဖွဲ့အစည်းများ အလိုမရှိ”၊ “အပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်ခြင်းချက်ချင်းရပ်”၊ “စစ်ရေးပစ်မှတ်မဟုတ်သော အများပြည်သူနေရာများအား ပစ်ခတ်ခြင်း ချက်ချင်းရပ်”၊ “MNDAA ၏ လူမဆန်သော ရက်စက်ရုပ်မာမှုများ ချက်ချင်းရပ်”၊ “ပြည်ပသြဇာခံ ပြည်ဖျတ်မိစ္စာများ အလိုမရှိ”၊ “မြန်မာ့တပ်မတော်၏ တရားသောစစ် အောင်ရမည်” အစရှိသည့် ဗီနိုင်းများ၊ CRPH ၊ NUG ၊ PDF ၊ MNDAA ၊ AA နှင့် TNLA တို့၏ အကြမ်းဖက်လုပ်ရပ်ဓာတ်ပုံများကို ကိုင်ဆောင်၍ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်း ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)