ညောင်လေးပင်မြို့ အ.ထ.က (၁) ၌ အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်း အသိပညာပေးဟောပြော

ညောင်လေးပင် ဩဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ စာဖတ်ရှိနမြှင့်တင်ရေး၊ လူငယ်ရေးရာပညာပေး၊ အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အ.ထ.က (၁) ညောင်လေးပင် (ပညာ့ဂုဏ်ရည်) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ညောင်လေးပင်မြို့ အ.ထ.က (၁) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ထွေးရီက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးလှမြင့်က ကြက်ခြေနီအသင်းဖွဲ့စည်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နီနီဝင်က ကျောင်းသား၊ ကျောင်းသူများဗလငါးတန်းနှင့်ပြည့်စုံစေရန် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ခွဲမှ တပ်ခွဲမှူးဒေါ်ဇင်နွယ်ဦးနှင့်အဖွဲ့ဝင်များမှ အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း အကြောင်းစာတွေ့လက်တွေ့အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသူကျောင်းသားများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)