ပခုက္ကူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ပခုက္ကူ  ဩဂုတ် ၁၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာ ပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပခုက္ကူခရိုင်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းလင်းကအဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က “ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် စာကြည့်တိုက်ကိုအသုံးပြုပြီး ပြင်ပစာပေဗဟုသုတများရှာဖွေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ အားလပ်ချိန်ကိုစည်းကမ်းတကျမှန်ကန်စွာအသုံးချစေရေး၊ သုတရသစာပေဆိုင်ရာ စာအုပ်စာပေကောင်းများ လေ့လာဖတ်ရှုတတ်ရေး၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိလာသည့် အသိပညာဗဟုသုတများကို ကျောင်းသား၊ ကျောင်းသူအချင်းချင်း ပြန်လည်အသုံးချမျှဝေတတ်စေရေးအကြောင်းတို့ကို ရှင်းလင်းဟောပြောသည်။

ထို့နောက် ပခုက္ကူခရိုင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆန်းလင်း၊ ပခုက္ကူမြို့၊ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့် ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်း အုပ်ကြီး ဒေါ်ခင်မိုးမြင့်နှင့်ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၈) သင်တန်းသူများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပတ်သက်၍ ပြန်လည်မေးမြန်းဆွေးနွေးကြသည်။

ထို့အပြင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာရေးဆရာကြီးများ၊ သိပ္ပံနှင့် နည်းပညာဆရာကြီးများ၏ စာအုပ်စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများဆိုင်ရာ အဆိုအမိန့်များအား နံရံစာစောင် ပြသရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)