နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

နတ်မောက်  ဩဂုတ် ၁၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် အလယ်တန်းဆင့်စာစီ စာကုံးပြိုင်ပွဲကို ယမန်‌နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre ) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုတကြွယ်ဝသည့် နိုင်ငံ့သားကောင်းများပေါ်ထွန်းလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များ ပေါ်ထွန်းလာစေရန် ပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင်ကျောင်းသား/သူများအား သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ “စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲကျင်းပရာ အလယ်တန်း အဆင့်ကျောင်းသား/သူများက  အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲသို့ နတ်မောက်မြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)၊ အခြေခံပညာ အလယ်တန်းကျောင်း(တမာပင်)တို့မှ  ကျောင်းသား/သူ (၃၀)ဦးဝင်ရောက် ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင်ဆုရရှိသူများအား ၂၀၂၄ ခုနှစ် ဩဂုတ် (၁၂)ရက်နေ့တွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတွင်  ဆုများချီးမြှင့် ပေးသွားမည်ဖြစ်သည်။

လှဝင်း