မြို့သစ် ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မူလတန်းကျောင်းသား၊ကျောင်းသူများ အစာအုပ်စုများ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အလယ်တန်းအဆင့်ကျန်းမာရေးဆိုင်ရာမေးခွန်း (၁၀၀) ဖြေဆိုပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)နှင့်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာအုပ်စုများ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့်ကျောင်းသားကျောင်းသူ(၁၀၃)ဦး၊ ကျန်းမာရေးဆိုင်ရာမေးခွန်း (၁၀၀)ဖြေဆိုပြိုင်ပွဲတွင် အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူ (၁၃၂)ဦး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆေးရောင်ခြယ်ပြိုင်ပွဲဖြေဆိုသူ (၈၂)ဦး၊ ကျန်းမာရေးဆိုင်ရာမေးခွန်း(၁၀၀)ဖြေဆိုသူ(၉၃)ဦး စုစုပေါင်း (၄၁၀)ဦးဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ခဲ့ ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မျိုးဇော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများတက်ရောက်ပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)