ပွင့်ဖြူ ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ရွာသာယာကျေးရွာ၌ ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးရွာစီမံကိန်းကော်မတီဝင်များ၊ အသင်းသား၊ အသင်းသူများနှင့်တွေ့ဆုံ၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းအကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလိုက်နာရမည့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက စီမံကိန်းချေးငွေ ထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် သန်း ၃၀ ကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ရွာသာယာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၉ ဦးကို ငွေကျပ် ၁၉ ဒသမ ၄ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၅၀ ဦးကို ငွေကျပ် ၁၀ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၂ ဦးကို ငွေကျပ် သုည ဒသမ ၆ သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၀၁ ဦးကို ငွေကျပ် သန်း ၃၀ အား စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)