တိုင်းဒေသကြီးဝန်ကြီးချုပ် ရထားလမ်းပိုင်းများ ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုအခြေအနေနှင့် (မီးရထားလမ်းဘေး ဝဲ/ယာ) မိုးစပါး၊ မိုးသီးနှံများ ထိခိုက်၊ ပျက်စီးမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

ပုသိမ်   ဩဂုတ် ၁၁

ရေကြည်-ပုသိမ်ရထားလမ်းပိုင်းတွင် RGC သံလမ်းသွားပြုပြင်ရေးယာဉ်ဖြင့် တိုင်းအမှတ်(၉) နယ်မြေအတွင်း ရထားလမ်းပိုင်းများ ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုအခြေအနေနှင့် ပြုပြင်ဆောင်ရွက်ရမည့်အခြေအနေများ၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် (မီးရထားလမ်းဘေး ဝဲ/ယာ) မိုးစပါး၊ မိုးသီးနှံများ ထိခိုက်၊ ပျက်စီးမှုအခြေအနေများနှင့် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများတွင် ရေများပြန်လည်ကျဆင်း၍ ပြန်လည်စိုက်ပျိုးနိုင်ရေးအခြေအနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့သည်။

 ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတ-ပုသိမ် ရထားလမ်းပိုင်းအတွင်း လမ်းပိုင်းရေကျော်နေရာ(၁၀)နေရာနှင့် တံတားရေကျော်နေရာ(၅)နေရာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ရေပြန်လည်ကျဆင်းလျက်ရှိသည့် ဇရပ်လှ-ရေကြည်ရထားလမ်းပိုင်းနေရာကို ကြည့်ရှုစစ်ဆေးခဲ့ရာ မြန်မာ့မီးရထား၊ တိုင်းအမှတ်(၉)ဟင်္သာတနှင့် မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများက ရထားလမ်းပိုင်းများရေကျော်မှုအခြေအနေများ၊ ရေပြန်ကျဆင်းသည့်နေရာများတွင် ရထားလမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ထိခိုက်ပျက်စီးခဲ့သည့်စိုက်ဧကများနှင့် ရေပြန်လည်ကျဆင်း၍ စိုက်ဧကများပြန်ပေါ်လာမှု အခြေအနေများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေကျော်ခဲ့သည့် ရထားလမ်းပိုင်းများနှင့် တံတာများကြံ့ခိုင်မှု ကောင်းမွန်စေရေး၊ ရထားအမြန်ဆုံး ပြေးဆွဲနိုင်ရေးအတွက် ရထားလမ်းပိုင်းများနှင့်တံတားများပြုပြင်ခြင်းလုပ်ငန်းများ အင်ပြည့်အားပြည့် ဆောင်ရွက်စေရေးနှင့် ပြန်ပေါ်လာသည့်စိုက်ဧကများတွင် မိုးစပါးနှင့် မိုးသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးများနှင့် စပါးပျိုးပင်များအသင့်ထူထောင်ထားရှိစေရေး၊ ကောက်စိုက်များ၊ အစေ့ချစက်များဖြင့်ဆောင်ရွက်နိုင်စေရေး မှာကြားခဲ့ပြီး ဟင်္သာတ-ပုသိမ် ရထားလမ်းပိုင်းတလျှောက် ရေပြန်လည်ကျဆင်းသည့်နေရာများတွင် ရထားလမ်းပိုင်းများ ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများ၊ ရေပြန်လည်ကျဆင်း၍ စိုက်ဧကများပြန်ပေါ်လာမှုအခြေအနေများနှင့် ပြန်ပေါ်စိုက်ဧကများတွင် မိုးစပါးပြန်လည်စိုက်ပျိုးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)