အင်္ဂပူ ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အ-ထ-က(အင်္ဂပူ)ငုရွှေဝါခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အ-ထ-က(အင်္ဂပူ)ကျောင်းသား၊ ကျောင်းသူလေးများက ဘက်စုံထူးချွန်၊ လူရည်မွန်သီချင်း သီဆိုအခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးမောင်မောင်အေးက ဆုနှင်း သဘင်ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လူရည်ချွန်များနှင့် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ မြို့နယ်ပညာရေးမှူးမှ မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးကျောင်းများအားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အ-ထ-က (အင်္ဂပူ)မှ ကျောင်းသား၊ ကျောင်းသူများက ဆုနှင်းသဘင်ပွဲတော်တို့နွှဲပျော်သီချင်းသီဆိုပြီး ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့်ပညာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်အဆင့် အောင်ချက် အကောင်းဆုံးကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ လူရည်ချွန်များ၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့်ကျောင်းသားမိဘများ တက်ရောက်ခဲ့ပြီး လူရည်ချွန်(၃)ဦး၊ ၆ ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ ၅-ဘာသာဂုဏ်ထူးရှင်(၁) ဦး၊ ၄-ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ ၃-ဘာသာဂုဏ်ထူးရှင်(၁၉)ဦး၊ ၂-ဘာသာဂုဏ်ထူးရှင် (၂၇)ဦး၊ ၁-ဘာသာဂုဏ်ထူးရှင်(၆၅)ဦး၊ စုစုပေါင်း(၁၂၁)ဦးနှင့် အောင်ချက်အကောင်းဆုံးကျောင်းတို့အား စုစုပေါင်း ငွေကျပ်(၇၉) သိန်းတန်ဖိုးရှိ ဂုဏ်ပြုငွေများ၊ ဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)