၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများ၊ ဂုဏ်ထူးသင်ဆရာ/မများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ပန်းတနော်  သြဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးသင်ဆရာ/မများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး(တာဝန်ခံ)ဆရာကြီး ဦးခင်ဌေးက ပညာရေးဆိုင်ရာများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများ၊ ဂုဏ်ထူး သင်ဆရာ/မများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် (၂၅)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် မြို့နယ်ကိုယ်စားပြု ဝါသနာရှင် (ဒုတိယတန်း) ရုပ်သေးပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်မည့် အ.ထ.က (ရွှေလှေ)ကျောင်းမှ ဆရာမဒေါ်ခင်စုစုဇော်၏ ရုပ်သေးအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မြို့နယ်ကိုယ်စားပြု အခြေခံပညာအသက် (၁၅)မှ (၂၀)နှစ်အတွင်း စန္ဒယားအတီးပြိုင်ပွဲနှင့် ခေတ်ဟောင်းကာလပေါ် (အဆို) ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် အ.ထ.က-ခွဲ (အကယ်ချောင်း)မှ ကျောင်းသား (၂)ဦးက မြန်မာ့ရှုခင်းမြန်မာ့စိတ်ရင်းသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မြို့နယ်ကိုယ်စားပြု အခြေခံပညာ အသက်  (၁၀)မှ (၁၅)နှစ်အတွင်း ကဗျာလွတ် အကပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် အ.ထ.က (၁)ပန်းတနော်မှ ကျောင်းသားကျောင်းသူများက ကဗျာလွတ်အကဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့ရာ တာဝန်ရှိသူများမှ ဆုငွေများ အသီးသီးချီး မြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)