မြိတ်မြို့ကန်တော်မင်္ဂလာအတွင်း၌ ရေပေါ်ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံ (Floating Solar Power Plant) တည်ဆောက်ရေးကိစ္စများနှင့်စပ်လျဉ်း၍ ဒေသခံများအား ရှင်းလင်း

မြိတ်   ဩဂုတ်    ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကန်တော်မင်္ဂလာရေကန်အတွင်းတွင် Myanmar Solor Power Tranding Co.,Ltd မှ ရေပေါ်ဆိုလာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ (Floating Solar Power Plant) တည်ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများအား ရှင်းလင်းဆွေးနွေးခြင်းနှင့်သဘောထားရယူခြင်းကို ယနေ့နံနက်ပိုင်းက ပုလဲရတနာခန်းမတွင် ကျင်းပခဲ့သည်။

ရေပေါ်ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းဆောင်ရွက်ရန် လျာထားသည့်  ကန်တော်မင်္ဂလာရေကန်သည် ရေကန်အကျယ်(၂၁.၆၄၀)ဧကရှိကာ မြိတ်မြို့၏ သမိုင်းဝင်ရေကန်တစ်ခုဖြစ်ပြီး မြစ်ငယ်ရပ်ကွက်၌တည်ရှိ၍ ရေကန်အနီးတွင် အထက်တန်းကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်းတစ်ကျောင်း၊ သာသနိကအဆောက်အဦများနှင့် ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်ခြေများရှိပြီး ရေကန်စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် (၂၀၁၈)ခုနှစ်တွင် ပြန်လည်တူးဖော်ဆောင်ရွက်ထားရှိသည့် ပြည်သူများအနားယူအပန်းဖြေနေသော ရေကန်ဖြစ်သည်။

ရှင်းလင်းဆွေးနွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက အမှာစကားပြောကြားပြီး Myanmar Solor Power Tranding Co.,Ltd မှ စီမံကိန်းဒါရိုက်တာ ဒေါက်တာဝင့်ဝင့်ကျော်က ရေပေါ်ဆိုလာ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး၍ စီးပွားရေးရာဝန်ကြီး မှ နိဂုံးချုပ်အမှာစကားပြောကြားသည်။

ရေပေါ်ဆိုလာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ (Floating Solar Power Plant) တည်ဆောက်ရေး စီမံကိန်းတွင် ဆိုလာအချပ်ရေ(၇၄၈၈)ချပ် တပ်ဆင်မည်ဖြစ်ကာ ဆိုလာစွမ်းအင်မှ (၄.၀၈)မီဂါဝပ်ထုတ်လုပ် အသုံးပြုနိုင်မည်ဖြစ်ပြီး ဆိုလာစွမ်းအင်စီမံကိန်းတွင် အင်ဗာတာ(၁၆)လုံးတပ်ဆင်မည်ဖြစ်၍ ရေကန်အတွင်း(၇.၇၇)ဧက အသုံးပြုဆောင်ရွက်ရန် လျာထားကြောင်း၊ အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ပြည်သူများ၏ သဘောထားများကို တစ်လအတွင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့နိုင်ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )