ဘားအံ ဩဂုတ် ၁၀
ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း နှစ်သိန်းခုနှစ်သောင်းကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ နှစ်သိန်းနှစ်သောင်းကျော် ရာခိုင်နှုန်းအားဖြင့် ၈၁ ဒဿမ ၆၀ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရပြီး ယနေ့နံနက် ၇ နာရီက ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေတွင် မိုးရာသီ(ပဥ္စမအကြိမ်) သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သစ်ပင်ကိုရှင်သန်အောင်စိုက်ပျိုးခြင်းသည် လွယ်ကူသော်လည်း အပင်တိုင်းကိုတန်ဖိုးထားလျက် တိရစ္ဆာန်များဖျက်ဆီးမှုမရှိစေရေး၊ မီးဘေးကာကွယ်ရေး၊ ရေလောင်း၊ ပေါင်းရှင်းတို့ကို ရာသီအလိုက် လုပ်ဆောင်နိုင်မှသာ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ သစ်တောသစ်ပင်များဖုံးလွှမ်းနေသော၊ ရာသီဥတုကောင်းမွန်ပြီး စိမ်းလန်းစိုပြည်သာယာသော ဒေသကြီးဖြစ်လာစေရန် သစ်တောများပြုစုထိန်းသိမ်းခြင်းနှင့် သစ်ပင်များစိုက်ပျိုးခြင်းကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးထံ သစ်ပင်များကို ဖြန့်ဝေပေးအပ်ပြီး တက်ရောက်လာသော ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘားအံတက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူးများ၊ ကထိက၊ နည်းပြ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ဒေသသစ်မျိုးစုံ (၆၃၈)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ပျော်ပျော်ပါးပါး စုပေါင်းစိုက်ပျိုးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသူများမှ သစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့အား မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံတက္ကသိုလ်ပင်မဆောင်နှင့် စာသင်ဆောင်များပရိဝုဏ်၊ အမှတ်(၁၃)အခြေခံပညာမူလတန်းကျောင်း(ဇွဲကပင်ကုန်း)၊ အမှတ်(၈) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၀၀၀ ကျော်ဖြင့် ယာဉ်၊ ယန္တရားများအသုံးပြု၍ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ စွန့်ပစ်ပလက်စတစ်နှင့် အမှိုက်များအား ဖယ်ရှားခြင်း၊ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ခြင်း အစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး အမှတ်(၈)အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ၉၉ သန်းဖြင့် (၆၀ x ၃၀) RCC တစ်ထပ် ကျောင်းဆောင်သစ်တည်ဆောက်နေမှု၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အားကစားခန်းမ အကြီးစား ပြင်ဆင်မွမ်းမံဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)