ကလေးဝမြို့တွင် တောင်သူများအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲ ပြုလုပ်

ကလေးဝ သြဂုတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ဒေသခံတောင်သူများ သီးနှံအထွက်တိုးစေရန်နှင့် ကုန်ကျစရိတ်သက်သာစေရန် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်းကွင်းသရုပ်ပြပွဲကို တုန်နန်းကျေးရွာ ကွင်းအမှတ် ၄၅ ဦးပိုင် ၁၄ တောင်သူ ဦးမြတ်ဝင်းပိုင် လယ်မြေတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးနိုင်က ကွင်းသရုပ်ပြပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် မျိုးစေ့ချကိရိယာကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်းကို လက်တွေ့ပြသခဲ့ရာ စိတ်ပါဝင်စားသူ ဒေသခံတောင်သူ ၂၃ ဦးနှင့် ဝန်ထမ်း ၁၂ ဦး လာ​ရောက်လေ့လာခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)