လွိုင်ကော် ဩဂုတ် ၁၀
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက သီရိမင်္ဂလာဈေးအသစ် တည်ဆောက်ရေးလုပ်ငန်းများ၊ ပြည်နယ်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း သာသနိကအဆောက်အဦ ပြုပြင်နေမှုများ၊ ရွှေတောင်ပရိယတ္တိစာသင်တိုက်နှင့် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများ၊ လွိုင်ကော်- လောပိတလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ရေနီကန်ကျေးရွာနှင့် သတ္တပလူကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီရိမင်္ဂလာဈေး ဈေးအသစ်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ပြီး အုတ်မြစ်ချလုပ်ငန်း ၊ သံထည်လုပ်ငန်းနှင့် တိုင်ထူပြီး ဒိုင်း၊ မြှားတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းသို့ သွားရောက်၍ အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်ဆောင်ရွက်မှုကြောင့် ပျက်စီးခဲ့သည့် ပြည်နယ်သံဃနာယကရုံးအဖွဲ့ အဆောက်အဦ၊ အောင်မြင်ဓမ္မာရုံနှင့် စာသင်ဆောင်များ၊သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိမှုအခြေအနေတို့အား လိုက်လံကြည့်ရှုခဲ့ပြီး ဒုတိယဝါဆိုကာလအမီ သံဃာတော်များ အေးချမ်းစွာ သီတင်းသုံးနိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ရွှေတောင်ပရိယတ္တိစာသင်တိုက်နှင့် အမှတ် (၇) အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်း ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ရွှေတောင်ပရိယတ္တိစာသင်တိုက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများလုပ်ရပ်ကြောင့် ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦများကိုကြည့်ရှု၍ အမြန်ဆုံးပြုပြင် မွမ်းမံဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်- လောပိတလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာ သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေနီကန်ကျေးရွာသို့ ဆက်လက်သွားရောက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရေနီကန်ကျေးရွာနှင့် သတ္တပလူကျေးရွာ ချင်းဆက်ကျောက်ချောလမ်း ခင်းကျင်းထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ ကျေးရွာနေပြည်သူများ အဆင်ပြေချောမွေ့စွာဖြင့် သွားလာနိုင်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လမ်းအရည်အသွေးကောင်းမွန်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)