ခန္တီး သြဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ စာပေချစ်မြတ်နိုးသူ(Book club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က အတွေးအခေါ်မြင့်မားလာပြီး ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ”စာအုပ်ဖြင့်ဆွေးနွေးရာ အ.ထ.က(ခွဲ)မြို့မမှ မအေးအေးသင်းက “ကလေးနှင့်ပတ်ဝန်းကျင်၊ အလိုလိုက်အမိုက်စော်ကား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က(ခန္တီး)မှ မခွန်းရေကဗျာက “ကလေးနှင့်ပညာရေး၊ မြို့ပတ်ရထားပေါ်မှဆရာမ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က(ခန္တီး)မှ မောင်ဘုန်းခန့်ကျော်က “မြေစာပင်ကလေးများ၊ ကလေးနှင့်အနုပညာကိုခံစားခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က(ခွဲ)မြို့မမှ မောရန်မင်းလင်းက “ကောင်းဆိုးနှစ်ဖြာလှကညာ၊ အထိန်းမတတ် ဇိန်းဇတ်ဇတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က ဖြည့်စွက်ဆွေးနွေးခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ Book club အဖွဲ့ဝင်များ၊ ကျောင်းဆရာ/မများ၊ ကျောင်းသား/သူလေးများ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)