ပြည် ဩဂုတ် ၁၀
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ပြည်မြို့ (အောင်ဆန်း) အခြေခံပညာအထက်တန်းကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်စကားဝိုင်း" ကျင်းပပြုလုပ်ရာ အဆိုပါကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၅၀ ဦး ခန့်တက်ရောက်သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက "လူငယ်စကားဝိုင်း" ကျင်းပဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးအမှာစကားပြောကြားပြီး အ.ထ.က(အောင်ဆန်း) ကျောင်းအုပ်ကြီး ဒေါ်မာမာအေးက လူငယ်စကားဝိုင်း ဆောင်ရွက်မှုအတွက် ကြိုဆိုပါကြောင်း ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲ စတင်ကျင်းပရာ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုသန့်နှင့် ဒုတိယမြို့နယ် ပညာရေးမှူး ဦးအေးလွင်တို့က လူငယ်စကားဝိုင်းတွင် ဦးဆောင်ညှိနှိုင်းရေးမှူးများအဖြစ် ဆောင်ရွက်ကြပြီး အ.ထ.က(အောင်ဆန်း)ကျောင်းမှ Grade-11 ကျောင်းသူ မအေးပြည့်စုံက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်အောင်ကောင်းဆက်နှင့် မောင်ရဲမာန်ကျော်တို့က လူငယ်နှင့် သဘာဝပတ်ဝန်းကျင်၊ လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မနှင်းထက်ထက်ဝေက လူငယ်နှင့် ဆိုရှယ်မီဒီယာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မလင်းလက်နေခြည်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် သိမှတ်ဖွယ်ရာ အကြောင်းများကို ဦးဆောင်ပါဝင် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးချက်များအပေါ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးလွင်က ခြုံငုံသုံးသပ်ဆွေးနွေးပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသော ပြန်လည်မေးမြန်းဆွေးနွေးမှုများကို ဦးဆောင်ဆွေးနွေးခဲ့သူများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားဆွေးနွေးပေးကြကာ တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ဦးဆောင်ပါဝင်ဆွေးနွေးပေးခဲ့သော ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)