ပိုင်ကျုံ ဩဂုတ် ၁၀
လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်နှင့် ဉာဏစွမ်းရည်မြှင့်မားစေရေးအတွက် ယမန်နေ့က ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းးကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အ-ထ-က ပိုင်ကျုံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက ကျောင်းသားလူငယ်များ သိသင့်သိထိုက်သော မူးယစ်ဆေးဝါးအန္တရာယ်များနှင့်ပတ်သက်သည့် မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ စိတ်ကိုပြောင်းလဲစေသော ဆေးများ၏အဓိပ္ပာယ်၊ စွဲလမ်းစေတတ်သော ဆေးဝါးများနှင့် အရက်သောက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ စသောအချက်များကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ အ-ထ-က ပိုင်ကျုံကျောင်းမှ အထက်တန်းပြဆရာ ဦးအောင်မြတ်နွယ်က ကျောင်းသားလူငယ်များသည် မူးယစ်ဆေးဝါးနှင့်မသက်ဆိုင်ကြောင်း၊ မည်သည့်မူးယစ်ဆေးဝါးကိုမဆို လူငယ်များအတွက် အန္တရာယ်ရှိကြောင်း၊ လူငယ်များသည် နိုင်ငံတော်၏အနာဂတ်ခေါင်းဆောင်များဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားရန်လိုအပ်ကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။
ထိုအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသားလူငယ်များတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)