သရက်ချောင်း ဩဂုတ် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အပတ်စဥ် လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၇) နာရီ အချိန်က သရက်ချောင်းမြို့နယ်၊ မြို့ကျက်သရေဆောင် မြို့ဦးစေတီတော်ဝင်း အတွင်း/အပြင်နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ဌေးဇော်ဦးတို့ကြီးကြပ်၍ နယ်မြေခံတပ်နယ်မှ စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ စုပေါင်း၍ ပေါင်းမြက်များထူထပ်ခြင်း၊ ခြုံနွယ်များ ထူထပ်ခြင်းတို့ကြောင့် ရောဂါပိုးမွှားအန္တရာယ် ကင်းရှင်းစေရေးနှင့် မြို့ကျက်သရေဆောင် မြို့ဦးစေတီတော်ဝင်း အတွင်း/အပြင် နေရာများတွင် သန့်ရှင်းသာယာ လှပစေရန်ရည်ရွယ်၍ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းပေးခြင်း၊ ပေါင်းမြက်များ အမှိုက်သရိုက်များဖယ်ရှား ရှင်းလင်းပေးခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများရှိ အမှိုက်များအား ရှင်းလင်းတူးဖော်ခြင်း၊ ဝင်းအတွင်းရှိချုံနွယ်များ၊ သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များအား မော်တော်ယဉ်များဖြင့် သတ်မှတ်အမှိုက်စွန့်ပစ်သည့် နေရာများသို့ သွားရောက်စွန့်ပစ်ပေးခြင်း စသည့်လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်အပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ဌေးဇော်ဦးတို့က ပြည်သူများ လူမှုစီးပွား တိုးတက်မြှင့်မားလာစေရန် ဥယျာဉ်ခြံများတွင် ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးရန်အတွက်နိုင်ငံတော်က အခမဲ့ဖြန့်ဝေထားသော ရိုဘတ်စတာ ကော်ဖီပင်များကို မြို့နယ်အတွင်းရှိ တောင်သူများအား ဖြန့်ဝေရန် စိုက်ပျိုးပျိုးထောင်ထားသည့် စိုက်ပျိုးရေးဦးစီးဌာန ရိုဘတ်စတာကော်ဖီစိုက်ခင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)