ပေါက်ခေါင်းမြို့၌ Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ပေါက်ခေါင်း ဩဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club) တို့ပူးပေါင်းပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသည့် "လူငယ်အညွှန့်အဖူးလေးများအတွက်"  စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ စာပေဗဟုသုတများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြောကြားခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးကို ပိုမိုသိရှိလာမှာဖြစ်ကြောင်း ပြောကြားပြီး၊  စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသည့် "လူငယ်အညွှန့်အဖူးလေးများအတွက်" စာအုပ်မှ စေတနာသာ ပဓာန၊ ပညာမြင့်အောင် မြှင့်ကြပါဦးစို့၊ စာရေးဆရာဖြစ်ချင်သူ၊ နာရီများနှင့် ကျွန်တော်စသည့် ခေါင်းစဉ်ခွဲပါအကြောင်းအရာများကို မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်၊Book Club အဖွဲ့ဝင် ဦးစိုးနိုင်၊ အဖွဲ့ဝင်ဦးကျော်ကျော်ထွန်း၊ ၊Youth Club အဖွဲ့ဝင် မောင်သူရဝေအောင်၊ မောင်ချမ်းမြေ့အောင်တို့က အသီးသီးဖတ်ကြားဆွေးနွေးခဲ့ရာ၊(Youth Club)အဖွဲ့ဝင်များ၊ စာပေချစ်သူလူငယ်များက သိရှိလိုသည်များကိုပြန်လည်မေးမြန်းပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club) နှင့် စာပေချစ်သူလူငယ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)