မြောင်းမြ သြဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့ နံနက် (၁၀:၀၀) နာရီက Women Club အဖွဲ့နှင့် စာဖတ်ဝိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ခင်စုစုစံနှင့် မြနှင်းရည်ရှိန် မြန်မာပြန်ဆိုရေးသားသည့် "နှလုံးသားဖြင့်နားဆင်ပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ရာ ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က "မျက်လုံး (၁၀) လုံးနှင့်စိတ်တစ်စုံ"၊ ဒေါ်နှင်းနှင်းအေးက "စစ်မှန်သောနားလည်မှုဟူသည်"၊ ဒေါ်မြင့်မြင့်သန်းက "ဂရုတစိုက် နားထောင်ပေးမှု၏ ပဲ့တင်သံ" ခေါင်းစဉ်တို့ကို ဆွေးနွေးကြပြီး တက်ရောက်သူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေဝေမြင့် (မြောင်းမြ)