ငဖဲ ဩဂုတ် ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ဇင်ပြွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ဇင်ပြွန်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဌေးက အဖွင့်အမှာစကားပြောကြား၍ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ကျောင်းစာသာမက သုတရသစာအုပ်စာပေတွေကိုလည်း လေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ သို့မှသာ စာပေမှရရှိသော အသိတရားဖြင့် မိမိဘဝတိုးတက်မြင့်မားအောင် လျှောက်လှမ်းနိုင်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်နန်းသီတာထွေးက လူငယ်နှင့်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဟန်နီထွန်းက ကလေးအလုပ်သမားပပျောက်ရေးသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ဇင်ပြွန်း အ.ထ.က(ခွဲ)မှ အထက်တန်းပြဆရာမ ဒေါ်မြင့်မြင့်သန်းက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး Grade-11 မှ မနှင်းနုက လူငယ်နှင့်ကျန်းမာရေး၊ Grade-10 မောင်စွမ်းရည်ထက်က လူငယ်နှင့်တန်ဖိုး၊ မခင်ယုလှိုင်စိုးက လူငယ်နှင့်ကလေးအလုပ်သမားပပျောက်ရေး၊ Grade-9 မှ မောင်ပြည့်ဖြိုးခန့်က လူငယ်နှင့်စည်းကမ်း၊ မချယ်ရီအောင်က လူငယ်နှင့် မူးယစ်ဆေးဝါး၊ မအိမ့်ဖူးငုံက လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဉ်များဖြင့် မိမိတို့ ဖတ်မှတ်လေ့လာထားရှိမှုများကို အသီးသီးဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသား/သူများဖြင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/သူများက လက်ခံရယူခဲ့ကြပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက Physical Fitness Dance ဖြင့် သရုပ်ပြသဖျော်ဖြေခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)