ပန်းတောင်းမြို့နယ်၌ ၂၀၂၄-ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနား ဆောင်ရွက်

ပန်းတောင်း သြဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂၀၂၄-ခုနှစ် ကမ္ဘာ့မိခင်နို့တိုက် ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထိုက်စိုးမှ ဩဂုတ်လ ပထမသီတင်းပတ်အား “မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်”၊ ဒုတိယသီတင်းပတ်အား “ငါးနှစ်အောက်ကလေးနှင့် ကျောင်းနေအရွယ်ကလေးများအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်”၊ တတိယသီတင်းပတ်အား “ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်”၊ စတုတ္ထသီတင်းပတ်အား “အိုင်အိုဒင်းချို့တဲ့ရောဂါများပပျောက်ရေးနှင့်အဏုအာဟာရဖြည့်စွက်ရေးလှုပ်ရှားမှုရက်သတ္တပတ်” အဖြစ် လှုပ်ရှားမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းထိုက်စိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အသက်(၆)လမှ (၅)နှစ်အတွင်းကလေးများအား ဗီတာမင်အေ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့်နို့တိုက်မိခင်များအား သံဓာတ်ဆေးပြားနှင့် ဗီတာမင်ဘီဝမ်းဆေးပြား တိုက်ကျွေးခြင်းတို့ပြုလုပ်ခဲ့ပြီး အာဟာရဖွံ့ဖြိုးရေးထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)