ပုသိမ် ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာကျောင်းတိုက်အတွင်း တည်ဆောက်မည့် “ဝိဇယာရာမ”သုံးထပ်ဆွမ်းစားကျောင်းဆောင် အုတ်မြစ်စီမင်္ဂလာအခမ်းအနားနှင့် အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော်(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ)ဘဒ္ဒန္တသောဘိတ အရှင်သူမြတ်ဦးဆောင်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က မင်္ဂလာအချိန်တွင် အုတ်မြစ်စီခဲ့ကြသည်။
ထို့နောက် အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို သာသနသီတလ ဓမ္မဗိမာန်တော်ကြီးတွင် ဆက်လက်ပြုလုပ်ရာ “ နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာန နာယကဆရာတော်(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ဘဒ္ဒန္တသောဘိတအရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ “ဝိဇယာရာမ” သုံးထပ်ဆွမ်းစားကျောင်းဆောင်အတွက် အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ပေးအပ်လှူဒါန်းရာ လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ စေတနာရှင်၊ အလှူရှင်များက လှူဒါန်းသော အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ ဌာနဆိုင်ရာများက လှူဒါန်းသော အလှူငွေများကို လူမှုရေးရာဝန်ကြီးကလည်းကောင်း လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ဘဒ္ဒန္တသောဘိတ အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)