မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ဘုရားပြိုကျေးရွာ မိုးနှမ်းအထူးအထွက်တိုး စံပြကွက် ကွင်းသရုပ်ပြပွဲအခမ်းအနား တက်ရောက်ကာ ဒေသခံ နှမ်းစိုက်တောင်သူများနှင့် တွေ့ဆုံ

မကွေး သြဂုတ် ၁၀

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် ဘုရားပြိူကျေးရွာအုပ်စု ဘုရားပြိုကျေးရွာ ကွင်းအမှတ်(၁၆၇၂-ဃ) တောင်သူ ဦးမင်းစိန်၏ မိုးနှမ်းအထူးအထွက်တိုး စံပြကွက် ကွင်းသရုပ်ပြပွဲသို့ တက်ရောက်၍ ဒေသခံ နှမ်းစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာ တိုင်းဒေသငြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး၏ အထူးဇုန်(၁)တွင် ပါဝင်သည့် မကွေးမြို့နယ် ဘုရားပြိူကျေးရွာရှိ မိုးနှမ်းအထူးအထွက်တိုး စံပြကွက်သို့ရောက်ရှိစဉ် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူတို့က မိုးနှမ်းအထူးအထွက်တိုး စံပြကွက် နှမ်းသီးနှံကို စတင်စိုက်ပျိုးခြင်းမှ လက်ရှိအချိန်အထိ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆီထွက်သီးနှံအထူးဇုန်များရှိ သီးနှံများ စတင်စိုက်ပျိုးရာမှာ တောင်သူပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လိုက်နာကျင့်သုံးပါက သီးနှံအောင်မြင်ဖြစ်ထွန်းနိုင်ကြောင်းကို တောင်သူများ သိရှိစေရန်အတွက် နှမ်းသီးနှံအထူးအထွက်တိုး စံပြကွက်ကို ပြသဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားကာ စိုက်ကွင်းအနီးရှိ မူလမြသလွန်စေတီဓမ္မာရုံတွင် တက်ရောက်လာသည့် ဒေသခံနှမ်းစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူတွေ သီးနှံစိုက်ပျိုးမှုအတွက် မူလရှိပြီးသော မျိုးများထက် သာလွန်ကောင်းမွန်သော မျိုးများရရှိရန် အထွက်ကောင်းသော မျိုး၊ ဒေသရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသော မျိုး၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော မျိုး၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများကို ရရှိရန် နှစ်စဉ် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ ရရှိလာသော မျိုးများကိုလည်း တောင်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာပြီး လက်ခံစိုက်ပျိုးရန်အတွက် လက်တွေ့ ကွင်းထဲတွင် စိုက်ပျိုးပြသကာ မျိုးများ၏ အရည်အချင်းလက္ခဏာတွေကို တောင်သူများ မျက်မြင်ကိုယ်တွေ့ သိရှိနိုင်ပြီး လက်ခံစိုက်ပျိုးနိုင်ရန်အတွက် ယခုကဲ့သို့ ကွင်းသရုပ်ပြပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မကွေးမြို့နယ်သည် မကွေးတိုင်းဒေသကြီး၏ ဆီထွက်သီးနှံအထူးဇုန်(၁)တွင်ပါဝင်ပြီး လက်ရှိ မိုးသီးနှံစိုက်ပျိုးရာမှာ ဆီထွက်သီးနှံ နှမ်းဧက (၁)သိန်း(၁)သောင်းကျော်နှင့် မြေပဲစိုက်ဧက (၈) သောင်းကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး အထူးဇုန်(၁)မှ မကွေးခရိုင်အနေဖြင့် မြေပဲ၊ နှမ်း၊ နေကြာဆီထွက် သီးနှံကို နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံးမှာ စုစုပေါင်းဧက (၉)သိန်း(၉)သောင်းကျော် စိုက်ပျိုးသွားမှာဖြစ်ပြီး တောင်သူများ ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိစေရန်နှင့် ဇုန်သတ်မှတ်ဧရိယာများ ပြည့်မှီစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများကို မျိုးကောင်း၊ မျိုးသန့် မျိုးစေ့များ ပံ့ပိုးပေးခြင်း၊ နည်းပညာပိုင်းဆိုင်ရာ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ပညာပေးလုပ်ငန်းများနှင့် ရေကို စနစ်တကျအကျိုးရှိရှိ အသုံးချနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသည့် တောင်သူများမှ သီးနှံစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ တောင်သူများအား သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ