ကျွန်းစုမြို့တွင် Cash for Work စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများ ရွေးချယ်

ကျွန်းစု နိုဝင်ဘာ ၁၉


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွင်း Cash for Work စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)  အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးရွာများရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး တို့က အမှာစကား အသီးသီးပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းက စီမံကိန်းရွေးချယ်ရမည့် အခြေခံမူများအား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ကျွန်းစုမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash For Work စီမံကိန်းကျေးရွာ(၁၄)ရွာနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) (၇)ရွာ တို့ကို အခြေခံ စံသတ်မှတ်ချက်များနှင့်အညီ ဆွေးနွေးညှိနှိုင်းရွေးချယ်ခဲ့ကြသည်။
ကျွန်းစုမြို့နယ်တွင် မြိုင်သာကျေးရွာ၊ ဘိုတောင်ကျေးရွာ၊ အောက်လအဲကျေးရွာ၊ မနွယ်ကျေးရွာ၊ ဇယော့ကျေးရွာ၊ ဝါးချောင်းကျေးရွာ၊ စခန်းသစ်ကျေးရွာ၊ အနှိုင်းကျေးရွာ၊ ရေကန်တောင်ကျေးရွာ၊ သဘောင်းတောင်ကျေးရွာ၊ ကြပ်ချောင်းကျေးရွာ၊ ရေကန်အော်ကျေးရွာ၊ သန္တာကျွန်းကျေးရွာ၊ ဝါရစ်(ကရင်) ကျေးရွာ ၊ စုစုပေါင်း ကျေးရွာ(၁၄)ရွာ တို့၌ Cash For Work စီမံကိန်းကို လည်းကောင်း၊ လင်မလိုကျေးရွာ၊ သထာကျေးရွာ၊ ရတောင်(ပြင်)ကျေးရွာ၊ ရတောင်(တွင်း)ကျေးရွာ၊ ခိုတောင်ကျေးရွာ၊ ဝါးအော်ကျေးရွာ၊ ကမ်းသာ ကျေးရွာ၊ စုစုပေါင်း ကျေးရွာ(၇)ရွာ တို့၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ကို လည်းကောင်း၊ ကျေးရွာတစ်ရွာလျှင် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၀၀)ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)