ပွင့်ဖြူမြို့နယ်၌ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်

ပွင့်ဖြူ ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင်  မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မိုးရာသီကာလ ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှုအန္တရာယ်အပါအဝင် အခြား သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများအနေဖြင့် အသက်အိုးအိမ် စည်းစိမ်ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကို အထူးဂရုပြု လုပ်ဆောင်ကြရန်လိုအပ်ကြောင်းနှင့် နယ်မြေအတွင်း သဘာဝဘေးအန္တရာယ်နှင့် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် သတင်းပေးပို့၍ လိုအပ်သောအကူအညီများ ရယူဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။    ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာမှ မုန်းချောင်းကမ်းပါး ကမ်းပြိုကျ၍ လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု (၁၄)စုအတွက် အိမ်ထောင်စုတစ်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် တစ်သိန်းစီနှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင် (၅၇)  ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ် ၁၁၉၇၀၀၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၅၁၉၇၀၀) အား  တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။   

လှိုင်ဝင်းလေး(ပြန်/ဆက်)