ပြည် ဩဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ၂၀၂၄ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုကို ဩဂုတ် ၇ ရက်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်မိခင်နှင့်ကလေး၊ ကျောင်းကျန်းမာရေးအာဟာရ ဦးစီးအရာရှိ ဒေါ်လှလှအေး ဦးဆောင်သော မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမနှင့် သားဖွားဆရာမများအဖွဲ့ကတက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့် ငါးနှစ်အောက်ကလေးမိခင်များကို အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအကြောင်း၊ မိခင်နို့တိုက်ကျွေးရာတွင်လိုက်နာရမည့် အလေ့အထ (၁၁) ချက် အကြောင်းနှင့် အိုင်အိုဒင်းဓာတ်ချို့တဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးများတွင် ဖြစ်ပေါ်တတ်သောရောဂါများအကြောင်းအပါအဝင် “ဘဝရှေ့ဆောင် ရက်တစ်ထောင် အနာဂတ်အတွက် အလင်းရောင်” ၊ “အစာအုပ်စုများစုံလင်အောင်စား” စသည့်ခေါင်းစဉ်တို့ဖြင့် ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာဗဟုသုတအကြောင်းအရာများအား အသိပညာပေးဆွေးနွေးဟောပြောသည်။
ထို့နောက် ကျန်းမာရေးဆရာမများက တက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့် ငါးနှစ်အောက်ကလေးမိခင်များကို အာဟာရနှင့်သက်ဆိုင်သော မေးခွန်းများမေးမြန်းပြီး ပြန်လည်ဖြေကြားဆွေးနွေးပေးကြသော မိခင်များအား ဆုလက်ဆောင်များပေးအပ်ကာ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များကို ဗီတာမင်(အေ)ဆေး တိုက်ကျွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)