ဟင်္သာတမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ရှားခဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပ

ဟင်္သာတ  သြဂုတ်  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ရှားခဲအခြေခံပညာအထက်တန်းကျောင်း၌ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အ.ထ.က-ရှားခဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်စန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင် ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက “နှလုံးသားအဟာရ ဖြည့်တင်းဖို့ စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိ မေးခွန်းများ မေးမြန်းခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားနောက် အစီအစဉ်ညှိနှိုင်းရေးမှူးအဖြစ် ခရိုင်ပြန်ဆက်ရုံး ဦးစီးအရာရှိ ဒေါ်အေးအေးမာက ဆောင်ရွက်ပေးရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့ကဏ္ဍများအလိုက် ဆွေးနွေးကြပါသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် တာဝန်ရှိသူများက စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသူများကို အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ရှားခဲ) ကျောင်းစာကြည့်တိုက်အတွက် ခရိုင်ပြန်/ဆက်မှ သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုတွင် ခရိုင် ပြန်/ဆက်မှ ဝန်ထမ်းများက မူလတန်းနှင့် အလယ်တန်း ကျောင်းသား ကျောင်းသူများအတွက် စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်း၊ ပုံပြင်ဖတ်ပြခြင်း၊ ကဗျာများရွတ်ပြခြင်း၊ ဥဏ်စမ်းပဟေဠိ များကို အတန်းစဥ်လိုက် အုပ်စုခွဲ၍  ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျောင်းအုပ်ဆရာမကြီး၏ ဦးဆောင်မှုနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၃၅၀)ဦးက စုပေါင်းပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)