ဟင်္သာတ သြဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်း(အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇလွန်မြို့နယ်၊ ကျုံရှကျေးရွာအုပ်စု၊ ကျုံရှကျေးရွာ စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးရန်လင်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဟင်္သာတခရီုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာထွေးက အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းအကြောင်းနှင့် စီမံကိန်းသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားကာ ကျုံရှကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်က မိမိတို့ဒေသတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းပါ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးတို့အား အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းတွင် လက်တွေ့အသုံးချ သင်ကြားပြသမည့် စက်ပစ္စည်းများကို လှည့်လည်ကြည့်ရှု၍ သင်တန်းသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနုတ်ဆက်ခဲ့ကြကြောင်း သိရှိရပြီး အဆိုပါသင်တန်းအား ယနေ့မှ သြဂုတ်လ ၂၃ ရက်နေ့အထိ (၂)ပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)