ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဌာနေပြည်သူ့စစ်အဖွဲ့များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဘားအံ ဩဂုတ် ၁၀

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဌာနေပြည်သူ့စစ်အဖွဲ့များအား ထောက်ပံ့ပစ္စည်းများပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်က အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယတိုင်းမှူးတို့က ဘားအံမြို့နယ်အတွင်းရှိ ဌာနေပြည်သူ့စစ် (၃၁)ဖွဲ့အား တစ်ဖွဲ့လျှင် ဆန် (၃)အိတ်၊ ဆီ (၁၀)ပိဿာ၊ ကြက်ဥ ၃ ကတ်၊ ခေါက်ဆွဲခြောက် ၂ ဖာနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၁၉၉၇၀၀ဝိ/-(တစ်ရာတစ်ဆယ့်ကိုးသိန်းကိုးသောင်းခုနှစ်ထောင်)တန်ဖိုးရှိ ဆန် (၉၃)အိတ်၊ ဆီ (၃၁၀)ပိဿာ၊ ကြက်ဥ (၉၃)ကဒ်၊ ခေါက်ဆွဲခြောက် (၆၂)ဖာတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ကရင်ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီနှင့် ခရိုင်၊ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီတို့၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ ကရင်ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ချမှတ်ထားသည့်မူဝါဒ၊ လုပ်ငန်းစဉ် (၅၂)ရပ်နှင့်အညီ အသစ်ပြန်လည်သတ်မှတ်ထားသည့် ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များအတိုင်း ယခင်ကော်မတီလက်ကျန်အမှုတွဲများနှင့် ယခုကော်မတီလက်ထက်အမှုတွဲများအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကော်မတီအဆင့်ဆင့်ဆုံးဖြတ်ချက်အရ ပိတ်သိမ်းဆောင်ရွက်သင့်ကြောင်း ဆုံးဖြတ်ထားသည့် အမှုတွဲအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က မူဝါဒများ၊ စိစစ်ရမည့်အချက်များနှင့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားပြီး ကရင်ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအတွင်းရေးမှူး ဦးမြင့်လွင်က ယခင်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီလက်ထက် ကျန်ရှိသော တိုင်ကြားစာ အမှုတွဲ (၃၂) တွဲနှင့် ယခုလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီလက်ထက် ဗဟိုသို့ တိုင်ကြားစာ(၁)စောင်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ တွဲဖက်အတွင်းရေးမှူး ဦးဇော်မိုးအောင်က ယခင်ကရင်ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီလက်ထက်မှ ကျန်ရှိသော တိုင်ကြားစာအမှုတွဲ (၅၆)တွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခဲ့ရမှုများ ပြန်လည်စိစစ်ရေးကော်မတီများက သက်ဆိုင်ရာခရိုင်များအလိုက် ခရိုင်၊ မြို့နယ်ကော်မတီများ ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားမှု၊ ယခင်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီလက်ထက်ဗဟိုကော်မတီ တိုင်ကြားစာအမှုတွဲများအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြကာ ပြည်နယ်ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)