ဖျာပုံမြို့၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်​ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ဖျာပုံ သြဂုတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲ​ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲ​ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက ဆွေးနွေးပြောကြားပြီး ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဖျာပုံခရိုင် (၄)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များမှ အခမ်းအနားပြင်ဆင်ရေး၊ ဘဏ္ဍာငွေရှာဖွေရေးဆိုင်ရာများအား အသီးသီးဆွေးနွေးပြောကြားကြသည်။ ထို့နောက် ဖျာပုံခရိုင် အဆို၊ အက၊ အရေး၊ အတီး တာဝန်ခံ ဦးကျော်ဆွေက ခရိုင်အတွင်းရှိ ပြိုင်ပွဲဝင် စာပေဂီတဝါသနာရှင်များနှင့် ပြိုင်ပွဲအလိုက် ပါဝင်ယှဥ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်စာရင်း ပြုစုစီမံဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပရေးကော်မတီဝင်များက ကော်မတီအလိုက် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား အသေးစိတ်ဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်