စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ ပြေးဆွဲရေးနှင့်ကြီးကြပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မုံရွာ သြဂုတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေယာဉ်များအန္တရာယ်ကင်းရှင်းစွာ ပြေးဆွဲရေးနှင့်ကြီးကြပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရေယာဉ် အသင်းများမှ ကိုယ်စားလှယ်များနှင့် ရေယာဉ်ပိုင်ရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေသည့် ခရီးသည်နှင့် ကုန်တင်ရေယာဉ်အသင်းများအနေဖြင့် ရေယာဉ်များအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး၊ ပြေးဆွဲနေသည့် ရေယာဉ်များ ကြံ့ခိုင်မှုရှိစေရေး၊ ခရီးသည်နှင့်ကုန်စည်များ မြန်ဆန်စွာ စီးဆင်းနိုင်ရေးနှင့် သက်မှတ်နေရာများသို့ သက်မှတ်အချိန်တွင်ရောက်ရှိရေး၊ သက်မှတ်ဝန်တင်မျဉ်းထက်ကျော်လွန်၍ ခရီးသည်များနှင့်ကုန်စည်များ သယ်ဆောင်မှုမရှိစေ ရေး၊ တရားမဝင် ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် လုံခြုံရေးအရ ကန့်သတ်ထားသည့် ပစ္စည်းများ တင်ဆောင်မှုမရှိစေရေးတို့အား တာဝန်ရှိသူများအားလုံးမှ အလေးထားကြပ်မတ် စစ်ဆေးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ထိုသို့ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရာတွင် မလိုလားအပ်သည့် ငွေကြေးတောင်းခံမှုများ မပြုလုပ်ရေးနှင့် စစ်ဆေးရာတွင်လည်း ငွေကြေး တောင်းခံမှုများရှိခဲ့ပါက သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ထံသို့ ရေယာဉ်အသင်းများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ တင်ပြတိုင်ကြားသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ ပြေးဆွဲရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရေယာဉ်အသင်းများမှ ကိုယ်စားလှယ် များနှင့်ရေယာဉ်ပိုင်ရှင်များက ချင်းတွင်းအထက်ပိုင်းဒေသများသို့ ခရီးသည်နှင့်ကုန်စည်များ  သည်ယူပို့ဆောင်နေမှု လုပ်ငန်းအခြေအနေများအား အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြ သည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ ပြေးဆွဲရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။  

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။    

တိုင်းဒေသကြီး (ပြန်/ဆက်)