ကြံခင်း ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ပေါက်နွယ်စမ်းအုပ်စု၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း(ကံရွာ)ရှိ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးထက်နိုင်ထွန်းနှင့် မူလတန်းကျောင်းစုမှူး ဉီးကျော်ဇေယျာထွန်းတို့က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပရိတ်သတ်များရှေ့မှောက်တွင် ပြောဆိုတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ အပြောစွမ်းရည်မြင့်မားလာစေရန်၊ ပူးပေါင်းဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်နှင့် ဗလငါးတန်ပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ဦးဆောင်ဆွေးနွေးသူ Moderator အဖြစ်ဆောင်ရွက်ကာ Grade-9 ကျောင်းသူ မအိမွန်ပိုင်က "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မဖြူစင်ဝင်းထွဋ်က "လူငယ်နှင့်ယဉ်ကျေးမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသား မောင်ကောင်းဇင်ဟိန်းက "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6 မောင်စွမ်းထက်က "လူငယ်နှင့်စည်းကမ်း” ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုမှတ်သားထားသော အတွေးအခေါ်များကို မျှဝေဆွေးနွေးခဲ့ရာ ဆွေးနွေးချက်များအပေါ် ကျောင်းအုပ်ဆရာကြီးက သုံးသပ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက်ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် စကားဝိုင်းတွင်ပါဝင်ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများအား ကျေးရွာအုပ်ချုပ်ရေးမှူး ဉီးတင်ငွေမှ အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ကျောင်းအကျိုးတော်ဆောင် ဉီးအောင်ဝင်းထွန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်ပြပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)