ရေတာရှည် သြဂုတ် ၉
ကျောင်းသား/ကျောင်းသူလူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ် ၃ ရပ်ကွက် မူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သော်ဇင်အောင်က “စာဖတ်ခြင်းအကျိုးကျေးဇူးများ” အကြောင်းကိုလည်းကောင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သတင်းအချက်အလက်နှင့် နည်းပညာတာဝန်ခံ ဦးစောသန်းထိုက်ကျော်က “စားသုံးသူကာကွယ်ရေး အဓိပ္ပါယ်”၊ “အခွင့်အရေးများနှင့် ဥပဒေဆိုင်ရာများ” ကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတတ်စေမည့် သစ်ပင်များထာဝစဥ်စိုက်ပျိုးနိုင်ရေး” ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောဆောင်ရွက်ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးခြင်းခံရမှုမှ ကာကွယ်နည်းများ၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုမှ ကာကွယ်နိုင်မည့်နည်းလမ်းများစသည့် နံရံကပ်စာစောင်များပြသရာကျောင်းသား ကျောင်းသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)