ထားဝယ်မြို့တွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ထားဝယ် ဩဂုတ် ၉

နိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါး တန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်အတွက် ထားဝယ်မြို့နယ် လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထက်နောင်က လူငယ်များအနေဖြင့် အနာဂတ်တွင်အောင်မြင်သော လူငယ်များဖြစ်စေရေးအတွက် ယခုချိန်ကတည်းက တန်ဖိုးရှိ သောစာပေနှင့် အသိပညာဗဟုသုတများ ဆည်းပူးလေ့လာရန် လိုအပ်ကြောင်း၊  စာပေများကိုဖတ်ရှုလေ့လာပြီးရရှိသော အသိပညာဗဟုသုတများကို မိမိ၏ မိတ်ဆွေသူငယ်ချင်းများထံ ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်း၊ ကျောင်းသား/သူအချင်းချင်း၊ လူငယ်များအချင်းချင်းညှိနှိုင်းဆွေးနွေးပြီး အမြင်ချင်းဖလှယ်ရန်လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားပေးသော ကျောင်းစာများအပြင်  ပြင်ပကလာရောက်ဟောပြော ပို့ချပေးသော အသိပညာဗဟုသုတများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားရန် လိုအပ်ကြောင်းပြောကြား သည်။

ထို့နောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ဦးဆောင် ဆွေးနွေးသူ(Moderator)အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ်အမှတ် (၂)အခြေခံပညာထက်တန်းကျောင်းမှ ကျောင်းသား/သူများဖြစ်ကြသည့် Grade-10 ကျောင်းသား မောင်အောင်ချမ်းငြိမ်းက လူငယ်နှင့်နည်းပညာ၊  Grade-7 ကျောင်းသူ မဆုယွန်းထက်က လူငယ်နှင့် မျိုးချစ်စိတ်၊ Grade-9 ကျောင်းသူ မသံစဉ်ချိုက လူငယ်နှင့်စာဖတ်ခြင်း၊ Grade-10 ကျောင်းသား မောင်ပိုင်ဖြိုးကျော်က လူငယ်နှင့်စာရိတ္တစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသောကျောင်းသား/သူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြ ပြီး တာဝန်ရှိသူများက ဆွေးနွေးပြောကြားသော ကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာကြီး ဦးအောင်လွင်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယင်းနောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးနံရံကပ်စာစောင်ပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ငွေဇင်ယော်(ထားဝယ်)