လိပ်သို ဩဂုတ် ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့် ရေးသားသော “ မေတ္တာပါတဲ့အတွေးများ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို နှီးနှောဖလှယ် နိုင်ခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင် ဗဟုသုတ တိုးပွားစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများ ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ သည်။
ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်ရှိုင်းဇင်ဇင်စုက “ကောင်းတာကိုသာ မျှော်လင့်ပါ” ခေါင်းစဉ်မှ “ဘ၀ရဲ့ရိုးစင်းသန့်စင်တဲ့ ပျော်ရွှင်ကြည်နူးစရာတွေက စားတဲ့သောက်တဲ့အခါ၊ ကစားတဲ့အခါ၊ တီထွင်ဖန်တီးစရာတွေ၊ သူငယ်ချင်း မိတ်ဆွေတွေဆီကို သွားရောက်လည်ပတ်တာတွေနဲ့ ကလေးများ ကစားပျော်မွေ့နေကြတာကို ကြည့်ရှုကြည်နူးဖို့ အတွက် အချိန်မပေးနိုင်တဲ့အခါတွေမှာ သင့်အတွက်ဘ၀ရဲ့ အဓိပ္ပါယ် ပျောက်ဆုံးသွားပြီဖြစ်ကြောင်း၊ ကျွန်ုပ်တို့ဟာ စားဖို့တစ်ခုတည်းနဲ့ အသက်ရှင်နေကြတာ မဟုတ်ဘဲ လူသားဆန်တဲ့ နှလုံးသားက တောင့်တတဲ့ စိတ်ချမ်းသာစရာများ အပေါ်မှာလည်း ရပ်တည်နေတာဖြစ်ပါကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီးနောက် စာအုပ်စာစောင်ပြပွဲတွင် ခင်းကျင်းပြသထားသော ဂျာနယ်၊ ကဗျာ၊ ပုံပြင်၊ ဆောင်းပါးနှင့် ရုပ်ပြများ စသည့် သုတ/ရသ စာအုပ်များကို Book Club အဖွဲ့ဝင်များနှင့် ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
စာရေးဆရာမ ခင်စောတင့်ရေးသားသော “ မေတ္တာပါတဲ့အတွေးများ ” စာအုပ်အား ဖတ်ရှုခြင်းဖြင့် အကောင်းမြင်တတ်တဲ့သူ တစ်စတစ်စ ဖြစ်လာတာနဲ့အမျှကောင်းတဲ့ အတွေးတွေကို တွေးနေခြင်းက စိတ်ချမ်းသာခြင်းရဲ့ သော့ချက်ပဲဖြစ်တယ်လို့ ယူဆရကြောင်း၊ မေတ္တာကရုဏာကို အဓိပ္ပါယ် ဖွင့်ဆိုကြည့်လျှင် စာနာစိတ်ပဲဖြစ်သည်ကို သိရှိခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)