ထားဝယ် ဩဂုတ် ၉
ထားဝယ်တက္ကသိုလ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီက ကြီးမှူးကျင်းပသော ကရင်ရိုးရာဒုံးယိမ်းအကသင်တန်း၊ မွန်အကသင်တန်းနှင့်ဂီတာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာပါမောက္ခဌာနမှူးများက မြကျွန်းညိုညို တက္ကသိုလ်သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက နိုင်ငံ၏အနာဂတ် တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်ကျောင်းသား၊ ကျောင်းသူ လူငယ် လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး ထားဝယ်တက္ကသိုလ်၌ လေ့ကျင့်ပျိုးထောင် ပေးလျက်ရှိကြောင်း၊ ပညာရပ်ဆိုင်ရာ ဘာသာရပ်များသင်ကြား ပို့ချပေးခြင်းနှင့် မလုံလောက်ဘဲ ကျောင်းသား၊ ကျောင်းသူများသည် စာပေ၊ ဂီတ၊ အက၊ အဆို၊ အတီး စသည့် မြန်မာ့ရိုးရာအနုပညာရပ်များတွင် စိတ်ဝင်စားအောင်၊ ထူးချွန်အောင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ကြောင်း၊ ထားဝယ်တက္ကသိုလ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီက ကြီးမှူးကျင်းပ သော ကရင်ရိုးရာဒုံးယိမ်းအက သင်တန်း၊ မွန်အကသင်တန်းနှင့် ဂီတာသင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ သောကြောင့်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ တက္ကသိုလ်ပေါင်းစုံက ကပြ၊ သီဆို၊ ဖျော်ဖြေကြသော ကြောင့်ကျောင်းသူ/ကျောင်းသားများ တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးလာပြီးချစ်ကြည်သွေးစည်းမှု ပိုမိုခိုင်မာလာကာ အနာဂတ် နိုင်ငံတော်ကိုပြည်ထောင်စုစိတ်ဓာတ် အပြည့်နှင့် မိမိတို့၏နိုင်ငံတော်၊ မိမိတို့ ၏ ပြည်ထောင်စုကို လက်ဆင့်ကမ်း လွှဲပြောင်းရယူကာ ဆက်လက်တည်ဆောက်သွား ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းဆင်းကျောင်းသား/သူများနှင့် တက္ကသိုလ်ပေါင်းစုံမှတိုင်းရင်းသားများက မွန်တပင်တိုင်အက၊ တေးသရုပ်ဖော်အက၊ ကရင်ဒုံးယိမ်းအက၊ တိုင်းရင်းသားရိုးရာအက၊ ကရင် (စုံတွဲ)တေးသရုပ်ဖော်အကနှင့် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေနေမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး၊ ထားဝယ် တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် များ၊ တက္ကသိုလ်ပေါင်းစုံမှဌာနမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/သူများက ကြည့်ရှု အားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောမာတင်လူသာက သီဆိုကပြဖျော်ဖြေသော တိုင်းရင်းသားများအား ဂုဏ်ပြုငွေကျပ်(၃)သိန်းချီးမြှင့်ပြီး ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသန်းသန်းဦးက ကရင်ဒုံးယိမ်းအကနည်းပြများအား ဂုဏ်ပြုငွေ ကျပ်(၁)သိန်းချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)