ပခုက္ကူ ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၄ ခုနှစ် ကျောင်းကျန်းမာရေး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ သွားဆရာဝန် ဒေါက်တာနေနွယ်သန်း၊ မြို့နယ်မိခင်ကလေးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ခိုင်၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဆရာမကြီး ဒေါ်မြမြသက်နှင့် ကျန်းမာရေးဝန်ထမ်းများက ပခုက္ကူမြို့၊ အမှတ် (၅) အခြေခံပညာကျောင်းနှင့် အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖွံ့ဖြိုးရေးနှင့် ရောဂါကာကွယ်စေသော အစာအုပ်စုများ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တားဆီးရေး၊ သွားကျန်းမာရေးနှင့် စနစ်တကျ လက်ဆေးနည်းများအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းဟောပြောကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား သွားကျန်းမာရေးနှင့် အခြားသော ကျန်းမာရေးဆိုင်ရာများ စစ်ဆေးကုသပေးခြင်း၊ အာဟာရတိုက်ကျွေးခြင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခြင်းများ ဆောင်ရွက်ကြပြီး အာဟာရဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)