ကျိုက်လတ် အ-ထ-က(၁)၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်

ကျိုက်လတ် သြဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ယနေ့နံနက် (၁၀)နာရီက ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာ ဗဟုသုတများ တိုးပွားစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာခင်မိမိလှိုင်နှင့် မြို့နယ်ဌက်ဖျား တိုက်ဖျက်ရေးဦးစီးဌာနမှ ဦးနိုင်နိုင်ထွန်းတို့က ကျန်းမာစွာ နေထိုင်နည်းများ၊ အစာအာဟာရ အုပ်စုများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးနည်း၊ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများနှင့် ဌက်ဖျားရောဂါများ အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် KG ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှ အဖွဲ့များခွဲ၍ အခြေခံပညာကျောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဓိကလုပ်ငန်းစဉ်များဖြစ်သည့် ကျန်းမာရေးအသိပညာပေးရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျောင်းအခြေပြုရောဂါကာကွယ်ရေး၊ ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေးနှင့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)