ဟင်္သာတ သြဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် သမဝါယမအသင်းစုလီမိတက် ၂၀၂၃_၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီအချိန်က အခြေခံအသင်းများ၏ဥက္ကဋ္ဌ၊ ဒါရိုက်တာ၊ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းတက်ရောက်သူ ၁၈၈ ဦးတို့ဖြင့် ဟင်္သာတမြို့နယ် သမဝါယမအသင်းစုလီမိတက်ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် သဘာပတိအဖြစ် အသင်းစုဥက္ကဋ္ဌ ဦးသန်းလှိုင်မှဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးက လည်းကောင်း၊တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဆွေနှင့်မြို့နယ်သမဝါယမ ဦးစီးအရာရှိ ဒေါ်တင်တင်အေးတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။
ဆက်လက်၍ ဟင်္သာတ မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို လည်းကောင်း၊ ၂၀၂၃_၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ချုပ်ရှင်းတမ်းနှင့် အသင်းစာရင်းစစ်အစီရင်ခံစာတို့အား တာဝန်ရှိသူများက အသီးသီးဖတ်ကြားတင်ပြခဲ့ပြီး လှစ်လပ်လျက်ရှိသောအမှုဆောင် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးနေရာအား အခြေခံအသင်းသားများက အများဆန္ဒဖြင့် အစားထိုးရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ထို့နောက် သဘာပတိဦးဆောင်၍ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အကျိုးငွေခွဲဝေပေးခြင်းတို့အား တက်ရောက်လာကြသော အသင်းသားများထံမှ အတည်ပြုချက်ရယူ ခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)